♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Sunday, January 12, 2014

အအေးပတ်ခြင်း

“ချင်း(ဂျင်း)" စားသုံးခြင်းဖြင့် အအေးပတ်ခြင်းကို ကာကွယ်နိုင်


ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုးမှားခြင်းမှ ကာကွယ်ရန်အတွက် ချင်းကို နေ့စဉ် စားသုံးပေးသင့်သည်။  ချင်းတက် အစိုကို အိမ်ရှင်မများက မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင်အဖြစ် သုံးလေ့ရှိသည်။ ချင်းခြောက်ကို ပရဆေးပစ္စည်းအဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်း ပါဝင်သည်။ အမျှင်များသော ဥအတက်မျိုး ဖြစ်သဖြင့် ကင်ဆာရောဂါကို ကာကွယ်စေနိုင်သည်ဟု ဖတ်ရှုရသည်။ ချင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ်သာမက အစာကြေစေရန်အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ ရှိသည်။ အအေးပတ်သူနှင့် ရေချိုးမှားသူများ၏ ကိုယ်တွင်း ငုတ်လျိုးသွားသော အပူဓာတ်ကို ကြေသွားစေရန်နှင့် ပြန်လည် ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ချင်းတက်ကို ခပ်ပါးပါးလှီးဖြတ်ပြီး ချင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက်သုံးရွက်တို့ကို ဆား အနည်းငယ်ထည့်ပြီး ရေနွေးမတ်ခွက်ကြီး တစ်ခွက်နှင့် ရောကြိုပါ။ ရေနွေးသုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံးအကြီးတွင် လောင်းထည့်ပါ။ ချင်းပြုတ်ရည်ပူပူမှ ထွက်သော အငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်နိုင်သမျှ ပူပူမှုတ်သောက်ပါ။

မျက်နှာတွင် ချွေးများစို့လာပြီး အအေးပတ်ခြင်း၊ နှာစေးခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်းများကို ချက်ချင်း သက်သာစေနိုင်သည်။ အမျိုးသမီးများ၊ ဓမ္မတာလာချိန်တွင် အအေးပတ်၍ သွေးမဆင်းနိုင်ခြင်း၊ ကိုက်ခဲခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများ အတွက်လည်း ချင်း၊ ထန်းလျက် ပြုတ်ရည်သည် ထိရောက်သော ဆေးတစ်လက် ဖြစ်သည်။ ချင်းတတ်၏ အပူကြောင့် သွေးဆင်း မှန်ကန်စေသည်။ ထန်းလျက် အမည်းတွင် သံဓာတ်ပါသဖြင့် သွေးအားနည်းခြင်းကို ကောင်းစေနိုင်သည်။ ချင်းနှင့် ထန်းလျက်သည် အတွဲညီသော ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ပြီး မီးဖိုချောင်သုံးသဖြင့် အိမ်တိုင်းတွင် ဆောင်ထားသင့်ပေသည်။ အသက်ကြီးရင့်သူ ကိုယ်ခံအား မကောင်းသူများသည် အေးသော ရာသီဥတုတွင် ချင်းသုတ်ကို နေ့စဉ်စားသုံးသင့်သည်။ ချင်းသုတ်တွင် ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်။ နှမ်းဆီတို့ကိုပါ တွဲဖက်စားသုံးရသောကြောင့် အစာကြေပြီး လေသက်စေသော ဓာတ်စာ ဖြစ်သည်။ ရှေးတိုင်းရင်း မြန်မာဆရာကြီးများက အေးသော ဥတုတွင် အစာကြေပြီး အခိုးပွင့်စေသည့် (၁) ချင်း၊ (၂) ပိတ်ချင်း၊ (၃) ငရုတ်ကောင်းဟူသော အစပ်သုံးပါး စားရမည် ဖြစ်သည်။ ထိုသုံးမျိုးမှ ချင်းသည် မီးဖိုချောင်သုံး ဆေးဝါးဓာတ်စာအဖြစ် အလွယ်တကူ ရနိုင်သည်။ အအေးပတ်ခြင်းကြောင့် သွေးတိုးခြင်းနှင့် နောက်ဆက်တွဲ ဦးနှောက်သွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကိုပါ ကာကွယ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

No comments:

Post a Comment